မန်ယူတို့ လီဗာပူးကို ဘယ်လို အနိုင်ယူခဲ့ကြသလဲ?
(Unicode) နည်းပြကြီး တန်ဟက်ဂ်ရဲ့ ရော်နယ်ဒို နဲ့ မက်ဂွိုင်းယားကို ပွဲထွက်လူစာရင်းက ပြတ်ပြတ်သားသားချန်ထားလိုက်တဲ့ဆုံးဖြတ်ချက်နဲ့အတူ မန်ယူတို့ဟာ လီဗာပူးကို ၂-၁ နဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူသွားနိုင်ခဲ့ပါပြီ။ အနိုင်ဂိုး ၂ ဂိုးကို ဆန်ချို နဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ကြပြီး လီဗာပူးတို့အတွက် နှစ်သိမ့်ဂိုးကိုတော့ မိုဆားလားက ပွဲပြီးဖို့ ၁၀မိနစ်အလိုမှာ သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပြောစရာလေးတွေနဲ့ သုံးသပ်ချက်လေးတွေ ကြည့်လိုက်ကြရအောင်။ တန်ဟက်ဂ်ရဲ့ ကွက်တိဖြစ်သွားတဲ့ လူထုတ်ပုံ နဲ့ လူစားလဲပုံများ ပွဲကြိုအင်တာဗျူးမှာ ပြောသွားသလိုပါပဲ “လီဗာပူးက တကယ့်အသင်းကောင်း၊ ကျနော်တို့ သူတို့ကို ဖိအားပေးနိုင်ဖို့လိုတယ်။ ကွင်းလယ်ဇုန်ထဲကနေကျော်ပြီး ဖိအားပေးနိုင်ဖို့လိုတယ်၊ အဲလိုလုပ်ဖို့ ကျနော်တို့ အား (energy) လိုတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ အီလန်ဂါတို့ ပါမှဖြစ်မယ်” တန်ဟက်ဂ်ရဲ့ ရှေ့တန်း ၃ ယောက်ဟာ တိုက်စစ်ကိုပြောင်းတဲ့အခါမှာ တဖက်နောက်တန်းတွေကို ဖောက်ပြေးတာမှာအရမ်းမြန်ဆန်ခဲ့ကြတယ်။ လီဗာပူးကွင်းလယ်မှာ ဖာဘင်ညို မပါတာကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်ပြောရမယ်။ နောက်တန်းမှာ ဗာရိန်း နဲ့ မာတီနက်ဇ်က ရိုးရိုးလေးပဲ ပင်နယ်တီဧရိယာနားကနေ ခံကစားပြီး တစ်ယောက်ချင်း လုစရာရှိတာတွေမှာ ခပ်တင်းတင်းကစားသွားခဲ့ကြတယ်။ အထူးသဖြင့် မာတီနက်ဇ်တစ်ယောက် ဗာရိန်း နဲ့ မာလာစီယာတို့ကြောင့် ကျောလုံပြီး ရဲရဲရင့်ရင့် ကစားပြသွားနိုင်ခဲ့တာတွေ့ရတယ်။ တိုက်စစ်ကို အားပြန်ဖြည့်စရာလိုတဲ့အချိန်မှာလဲ ၃၇ နှစ်သား ရော်နယ်ဒိုကို မထည့်ဘဲ မာရှယ်ကိုပဲ ထည့်သွားတာလဲ မှန်ခဲ့ပြန်တယ်။ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ လူစားလဲပုံတွေကို အမှတ်ပေးရမှာပါပဲ။ ဂျာဂင်ကလော့ပ်ရဲ့ ကွင်းလယ်က ဘာဖြစ်သွားတာလဲ? ဖာဘင်ညိုကို ချန်ထားခဲ့တာ ကလော့ပ်အတွက် ပေးဆပ်မှုကြီးသွားခဲ့ရတယ်။ ဟန်ဒါဆင်၊ မီလ်နာ နဲ့ အဲလိယော့တို့ရဲ့ ကွင်းလယ်က လေးကန် ထုံထိုင်းနေခဲ့တယ်။ ဖိအားမပေးနိုင်၊ လူချင်းမယှဉ်နိုင်၊ ဖန်တီးနိုင်မှုမရှိ၊ သူတို့နောက်ကနောက်တန်းတွေကိုလဲ မကာကွယ်ပေးနိုင်ခဲ့ကြဘူး။ အရင်က ဒီလိုမဟုတ်ပါဘူး။ လီဗာပူးကွင်းလယ်ဆိုတာ တဖက်အသင်းကို အသက်ထွက်မတတ် ဖိအားပေးထားပြီးအခွင့်အရေးမပေးစတမ်း ထိန်းချုပ်ကစားနေကျပါ။ လူတွေ နာနေတာလဲ ပါမှာပေါ့။ သီယာဂို၊ ကာတစ်ဂျုံး၊ ချိန်ဘာလိန် နဲ့ အခုဆို ကီတာပါ လူနာစာရင်းထဲ ဝင်သွားပြီ။ ကလော့ပ်ကတော့ လူခေါ်စရာမလိုဘူး ဆိုပေမယ့် ဒီအခြေအနေကြည့်ရတာတော့ တစ်ယောက်လောက်တော့ လိုလိမ့်ဦးမယ့်ပုံပါပဲ။ ယူနိုက်တက်ရဲ့ တိုက်စစ်ဗျူဟာ လီဗာပူးကို အမြန်ပေးတွေနဲ့ ထိုးနှက်သွားတယ်ဆိုပေမယ့် ပထမဂိုးကိုကြည့်ရင် ဘောပိုင်ဆိုင်မှုထိန်း possession၊တိတိကျကျပေး passing details၊ တတိယတစ်ယောက်ကလှုပ်ရှား third-man run၊ နောက်တန်းသမား full back တွေက ဖြန့်ကစားပြီး တောင်ပံသမား wingers တွေက အထဲ ချိုးဝင်ဆိုတဲ့ တန်ဟက်ဂ်ရဲ့ ရာသီကြိုက သွတ်သွင်းခဲ့တဲ့ပုံစံကနေ လာခဲ့တယ်ဆိုတာ တွေ့ရမှာပါ။ အဲရစ်ဆင်ကို ရှေ့ထိတက်ခိုင်းပြီး အီလန်ဂါနဲ့ တွဲခိုင်းလိုက်တဲ့အခါမှာ ရှေ့တန်းက ၅ယောက်ဖြစ်သွားစေခဲ့ပါတယ်။အဲလိုလုပ်လိုက်တော့ တစ်ယောက်ချင်းတွေ့ရာမှာတောင် အဖျက်အားနည်းတဲ့ ထရမ့်အာနိုး TAA ကို ၂ ယောက် ၁ယောက်နဲ့ လုံးဝအသာစီးရပြီး အီလန်ဂါရဲ့ အမြန်နှုန်းနောက် လိုက်ပြေးဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားတွေ များသွားတော့တာပါပဲ။ အီလန်ဂါကနေ အဲရစ်ဆင်ဆီ ပြန်ပေးလိုက်တဲ့အခါ (မျှားအဖြူ) ပုံပျက်သွားတဲ့ အာနိုးကြောင့် ပြေးလမ်းကြောင်း(အဖြူစက်မျှား) ပွင့်သွားတယ်၊ အဲရစ်ဆင်ဆီ ဘောလုံးရောက်ပြီးတဲ့အခါ နောက်တန်း ၂ ယောက်ကြားကနေ ပြန်ချပေးလိုက်တော့တယ် (မျှားအပြာ)
Read more